Saturday, 11 January 2020

ယေရှုခရစ်တော်ငရဲသို့သွားခဲ့ပါသလား ?


- ယေရူခရစ်တော် ငရဲသွားခဲ့သလား ------------ ?
  =========================

- ယေရူခရစ်တော် လက်ဝါးကပ်တိုင်မှာ အသေခံခဲ့ပြီး သုံးရက်
မြောက်သောနေ့ ရှင်ပြန်ထမြောက်ခြင်း မထိုင်မှီ ဘယ်ကို သွားခဲ့တာလဲ ?။ ဒီမေးခွန်းက ၁၉ ရာစုလောက်ကနေ စပြီး ခရစ်ယာန် တွေ နဲ့ အသင်းတော်တွေကြား အမြင်အမျိုးမျိုးနဲ့ စတင် ဆွေးနွေးလာခဲ့ကြတာ ဒီနေ့အထိ မပြီးဆုံး တဲ့ပြသာနာ တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် လေ့လာတွေ့ရှိမှုအရ ငရဲ(ကန့်မီးအိုင်)ကို ယေရူခရစ်တော် သွားခဲ့တယ်ဆိုတာကို ယုံကြည်တဲ့သူ
အရမ်းကိုနည်းပါတယ်။ အထူးသဖြင့် ဒီပြသာနာက မြန်မာပြည်မှာ လူသိများနေတဲ့ ဆရာစံတိုး နဲ့ အချို့ဆရာများရဲ့ ဟောပြော သွန် သင်မှုတွေကနေ သဘောထားအမြင်တွေ ကွဲလာကြပါတယ်။
တစ်ချို့ ကလဲ ဇဝေဇဝါ ဖြစ်နေကြပါတယ်။ဒါကြောင့် ဒီပြသာနာကို အချိန်ယူပြီး ဂရိစာပေပညာရှင်တွေ ဆက်သွယ် မေးမြန်းပြီး စာအုပ်များစွာ၊ ကျမ်းစာနှင့် ခရစ်ယာန် သမိုင်းကို ဂရုတစိုက်ပြန် လည် လေ့လာပြီး တင်ပြခြင်းဖြစ်ပါတယ်။ ဒ့ါကြောင့် ကိုယ် သ
ဘောကျတဲ့ ဆရာတွေဖက် ရပ်တည်ပြီးတော့ မိမိစိတ်ခံစားချက် အခြေခံကာ ငြင်းခုံခြင်းမဟုတ်ပဲ စာကိုအဆုံးထိ သေချာစွာ လေ့လာဖတ်ရှုပြီးမှ အမှား၊ အမှန်ကို ဆုံးဖြတ်ပြီး Comment ပေး
ကြပါလို့ မေတ္တာရပ်ခံ ပါရစေ။

- ယေရူခရစ်တော် ငရဲသွားခဲ့တယ်လို့ ယုံကြည်လို့ ငရဲမကျသလို
ကယ်တင်ခြင်းလည်း မရှုံးဆုံးပါဘူး။ မိစ္ဆာဒိဠိအယူလို့လဲ သမိုင်းတစ်လျောက်မှာ သက်မှတ်ခဲ့ခြင်း မရှိခဲ့ကြပါဘူး။ ကျမ်းအမြင်မှား
ခြင်းလို့တော့ သက်မှတ်ကြပါတယ်။ ကျွန်တော်ကတော့ မိစ္ဆာဒိဠိအယူနဲ့ နီးစပ်ပြီး အရမ်းအန္တရယ်များတဲ့ ခံယူချက်လို့တော့ သက်
မှတ်ပါရစေ။ အကြောင်းကတော့ ဒီခံယူချက်ကနေ လက်ဝါးကပ် တိုင်မှာ ခရစ်တော် အသေခံခြင်းက မလုံလောက်ဘူးဆိုတဲ့ ခံယူ
ချက်တွေ ဖြစ်ပေါ်စေလို့ပါ။ ယနေ့ ကမ္ဘာသိကျော်ကြားတဲ့ joel osteen နဲ့ joyce meyer တို့က ခရစ်တော် ကားတိုင်မှာ အသေခံခြင်းက လုံလောက်မှုမရှိကြောင်း ငရဲသွားပြီး ထပ်မံပေးဆပ်ခဲ့ရတယ်လို့ လွဲမှားစွာ ခံယူပြီး သွန်သင်ကြပါတယ်။ ဒီ ခံယူ
ချက်ကိုတော့ အားမနာတမ်း ပြောရရင်တော့ ပြီးစုံတဲ့ခရစ်တော်ရဲ့ အသေခံခြင်းကို ငြင်းဆိုခြင်းဖြစ်လို့ မိစ္ဆာဒိဠိအယူအဖြစ် အသင်း
တော်သမိုင်းမှာ သက်မှတ်ကြခဲ့သလို ဒီနေ့အထိ အသင်းတော် များက လက်မခံကြတဲ့ သွန်သင်မှုဖြစ်ပါတယ်။

၁။ ယေရူခရစ်တော် ငရဲသွားခြင်း နဲ့ အသင်းတော်သမိုင်း

-  ယေရူခရစ်တော် ငရဲသွားခဲ့တယ် ဆိုတဲ့စာကြောင်းကို ဓမ္မသစ် ကျမ်းဘယ်နေရာမှာမှ လုံးဝမရှိပါဘူး။ သွားခဲ့တယ်ဆိုတဲ့ ထင်မှားစရာရှိတဲ့ စာကြောင်းတော့ ရှိပါတယ်။ ယေရူခရစ်တော် ငရဲသွားခဲ့တယ် ဆိုတဲ့ စာကြောင်းကို ဓမ္မသစ်ကျမ်းပြီးတဲ့ နောက်ပိုင်း နှစ်
ပေါင်းသုံးရာကျော် AD 390ခန့်လောက်က Apostle's Creed မှာ စတင်တွေ့ရှိရပါတယ်။ အစောဆုံး AD 140ခန့်မှာ
တွေ့ရတဲ့ ရောမမြို့က တမန်တော်များ ယုံကြည်ချက်မှာတော့ ယေရူခရစ်တော် ငရဲသွားတယ် ဆိုတဲ့စာကြောင်း မရှိပါဘူး။ AD
325ခုနှစ်က Nicene Creed မှာလည်း လုံးဝမတွေ့ရပါဘူး။
ဒါကြောင့် ပညာရှင်များက အများစုက AD 390 ခန့်လောက်မှာ
ရှစ်ကြောင်းမြောက် စာကြောင်းဖြစ်တဲ့  ယေရူခရစ်တော် ငရဲသွား
တယ်ဆိုတဲ့ စာသားကိုApostle's Creed မှာ ပြန်လည်ဖြည့်စွတ်ခြင်း ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီနောက်ပိုင်း AD 650 လောက်ထိ ဒီစာကြောင်းကို ဘယ်နေရာမှာမှ ရေးသားတာ မတွေ့ရတာ့ပါဘူး။ တမန်တော်များ ယုံကြည်ချက်(Apostle's Creed) မှားတာလား ယုံကြည်လက်ခံသင့်လားဆိုတာ မေးစ ရာ မေးခွန်းဖြစ်လာပါတယ်။ ယနေ့ ခေတ်မှာ Apostle's Creed ကို Roman Catholic, Lutheran, Orthodox နှင့် Anglican အသင်းတော်တို့က ယုံကြည်
လက်ခံကြသလို Presbyterian, Mothodists နှင့် Baptists အသင်းတော် မချို့ကလည်း ယနေ့ထိသုံးစွဲယုံ
ကြည်ကြပါတယ်။ အခြားအသင်းတော်များနဲ့ မိမိရဲ့မိခင်အသင်း
တော်ဖြစ်တဲ့ Belivers Church ကလည်း ယုံကြည်လက်ခံဆဲပါ။ ဒါပေမယ့် ဒီအသင်းတော်အားလုံးက ယေရူခရစ်တော် ငရဲ (ထာဝရ ကန့်မီးအိုင်)ကို သွားခဲ့တယ်ဆိုတာကိုတော့ မယုံကြပါဘူး။ 1576 ခုနှစ်မှာ ကျမ်းပညာရှင်ဖြစ်တဲ့ Caspar Olevianus ရဲ့ Creeds တွေကို လေ့လာချက်အရ ဘယ်
Protestants အသင်းတော်က ၁၆ ရာစု နှင့် ၁၈ ရာစုထိ
ယေရူခရစ်တော် ငရဲသွားခဲ့တယ်ဆိုတာကို မယုံကြည်ကြပေမယ့်
တမန်တော်များ ယုံကြည်ချက်(Apostle's Creed)မှာရှိတဲ့
ယေရူခရစ်တော် ငရဲသွားတယ်ဆိုတဲ့စာသားကို မတူတဲ့အဓိပ္ပယ် ခံယူချက်တွေတော့ ရှိကြောင်းဖော်ပြခဲ့ပါတယ်။ ကျမ်းပညာရှင်
တစ်ဦးဖြစ်တဲ့ Louise Berkhof ကအသင်းတော်များရဲ့ ယေရူခရစ်တော် ငရဲသွားခဲ့တယ် ဆိုတဲ့ အဓိပ္ပာယ်ခံယူချက်ကို
အောက်ပါအတိုင်း ရေသားဖော်ပြခဲ့ပါတယ်။

-Roman Catholic အသင်းတော်က ခရစ်တော်သွားခဲ့တဲ့
နေရာက ကောင်းကင်နဲ့ ငရဲကြား ဓမ္မဟောင်းက ဘုရားသားသ မီးများနားခိုရာ သေရွာ( Limbus Patrum) ဖြစ်ပြီး ကောင်း
ကင်နိုင်ငံ ခေါ်သွားဖို့ရန် သတင်းကောင်း(Gospel)သွားရောက်
ဟောခဲ့ခြင်းဖြစ်တယ်လို့ ခံယူကြပါတယ်။

- Lutherans နဲ့ Protestants အသင်းတော်အများစုက
ခရစ်တော်သွားခဲ့တဲ့ နေရာက သေဆုံးသူတို့ရဲ့ ဝိညာဉ်ရောက်အ
အရပ်(Hade) ဖြစ်ပြီး သတင်းကောင်း(Gospel) မဟုတ်ဘဲ
သေမင်းကိုအောင်မြင်ခြင်း ကြေငြာအောင်ပွဲခံခြင်းဖြစ်တယ်လို့ ခံ
ယူကြပါတယ်။

- The Church of England အသင်းတော်က ခရစ်တော် သွားခဲ့တဲ့ နေရာက သင်္ချိုင်း(Grave) ဒါမှမဟုတ် သုခဘုံ (Paradise) ဖြစ်ပြီး ပြည့်စုံတဲ့ သမ္မာတရားကို ပေးခဲ့ခြင်းဖြစ်
တယ်လို ခံယူကြပါတယ်။

- ဒါကြောင့် အသင်းတော်တွေရဲ့ အဓိပ္ပာယ်ခံယူချက်မတူကြပေ
မယ့်လို့  ယေရူခရစ်တော် ငရဲ(ထာဝရ ကန့်မီးအိုင်)ကိုသွားတယ် ဆိုတာကိုတော့ လက်မခံကြပါဘူး။ ချုံးပြီးပြောရရင် ၁၉ ရာစုမ
ရောက်ခင် ဘယ်အသင်းတော်ကမှ လက်ခံမယုံကြည်ကြပါဘူး။
ဒီခေတ်အသုံးများတဲ့ တမန်တော် ယုံကြည်ချက်မှာ ခရစ်တော်
သဂြိုင်္လ်ခြင်းခံကာလို့သာ သုံးနှုန်းကြပါတယ်။

၂။ ယေရူခရစ်တော် ငရဲသွားခြင်း နဲ့ သမ္မာကျမ်းစာ

- ဘာဖြစ်လို့ နှစ်ပေါင်း တစ်ထောင့်ငါးရာကျော် အသင်းတော်မှာ ဒီ
ပြသာနာမရှိခဲ့လဲဆိုရင်တော့ ဂရိအသုံးနှုန်းကို ကောင်းမွန်စွာနား
လည်ခဲ့ကြလို့ ဖြစ်ပါတယ်။ အခြေခံအားဖြင့် ဓမ္မဟောင်းကျမ်းက
ဟေဗြဲဘာသာ(Hebrew)ဖြစ်ပြီး ဓမ္မသစ်ကျမ်းကတော့ ဂရိဘာသာ (Greek)စကားဖြစ်ပါတယ်။ ဒါကို အင်္ဂလိပ်လိုဘာသာ
ပြန်လာတဲ့အခါ မတူတဲ့ ဘာဘာပြန်မှုတွေ ရှိလာပါတယ်။ လက်ရှိ
အင်္ဂလိပ်ဘာသာပြန် ကျမ်းစာပေါင်း 450 ကျော်ရှိပါတယ်။ ဒီလို
အခြေနေမှာ အင်္ဂလိပ်ကျမ်းစာ ဘာသာပြန်တစ်မျိုးကိုသာ မလေ့လာပဲ အနည်းဆုံး သုံးလေးအုပ်ကို လေ့လာသင့်ပါတယ်။ အထူးသဖြင့် လူသုံးများတဲ့ ESV,ASV,NKJV,NIV နဲ့ NRSV တို့
ကိုနှိုင်းယဉ်လေ့လာသင့်ပါတယ်။မူရင်းဘာသာစကား လေ့လာနိုင်
ရင်တော့ ပိုအစဉ်ပြေပါတယ်။ ဆရာကြီး ယုဒသာန် ဘာသာပြန်ခဲ့
တဲ့ မြန်မာကျမ်းစာမှာ အားနည်းချက်များစွာ ရှိပါတယ်။ မှားတယ်
မသုံးရဘူးလို့တော့ မဆိုလိုပါဘူး။ ဒီကိစ္စကို ဇဝေဇဝါဖြစ်စေတဲ့
အဓိကကတော့ မူရင်းဘာသာစကားမှ အခြားဘာသာသို့ ဘာသာ
ပြန်လွဲမှား မှုတွေကြောင့်သာဖြစ်ပါတယ်။ ဂရိ စကားလုံးဖြစ်တဲ့
Hades(ᾅδης) နဲ့ Gehenna( Γέεννα) ကို အင်္ဂလိပ်
လို Hell(ငရဲ)လို့ ဘာသာပြန်တတ်ကြလို့ပါ။ အမှန်ကတော့
နှစ်ခုလုံးကို ငရဲလို့ ပြန်လို့မရပါဘူး။ Hades(ᾅδης) ရဲ့
ဆိုလိုရင်းက ငရဲမဟုတ်ပဲ မရဏနိုင်ငံ(သေဆုံးသူတို့၏ ဝိညာဉ် ရောက်ရာအရပ်) သာဖြစ်ပါတယ်။ ဓမ္မဟောင်းကျမ်းက ဟေဗြဲစကား လုံးဖြစ်တဲ့ She’ol( שְׁאוֹל)နဲ့ ဆိုလိုရင်း အဓိပ္ပာယ်တူပါတယ်။ Gehenna ( Γέεννα) စကားလုံးသာ ငရဲ(ကန့်မီး
အိုင်) လို့ ဘာသာပြန်ကြပါတယ်။ ရှင်မသဲ 13:42, 25:46,
ရှင်ပေတရု(ဒု) 2:17, ဗျာဒိတ်ကျမ်း 2:11, 20:6,14, 21:8, 19:20, 20:10, 21:8 တို့ ထာဝရ ငရဲမီးအိုင် အဖြစ်ထိကျစွာ
ဖော်ပြထားပါတယ်။  ဒီလိုပြသာနာကို ဖြစ်စေတာက1611 ခုနှစ် မှာ ထုတ်ဝေခဲ့တဲ့ King James Version ကျမ်းစာမှာ Hades(ᾅδης) ကို ငရဲ(Hell) လို့ ဘာသာပြန်ဆိုမူ တွေ
ကြောင့်သာဖြစ်ပါတယ်။ KJV ကျမ်းဘာသာပြန် အားနည်းမှုများ
စွာရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပိုပြီးလေ့လာချင်ရင်တော့ Dr. James R.White ရေးသားတဲ့ King James Only Controversy ဆိုတဲ့စာအုပ် ဖတ်စေချင်ပါတယ်။
ဒီပြသာနာတွေကြောင့် ၁၆ ရာစုကနေ ဂရိစကားလုံးဖြစ်တဲ့
(ᾅδης) ကို အင်္ဂလိပ်လို Hades(သေရွာ)လို့ တိုက်ရိုက်
ရေသား ဘာသာပြန်ကြခြင်း ဖြစ်ပါတယ်။ အပေါ်မှာ ပြောထားတဲ့
အတိုင်း ယေရူခရစ်တော် ငရဲသွားတယ်ဆိုတာ ကျမ်းစာဘယ်နေရာမှ မရှိပေမယ့် ထင်မြင်စရာကျမ်းတွေရှိပါတယ်။

📕အကြောင်း မူကား၊ ကိုယ်တော်သည်အကျွန်ုပ်၏ ဝိညာဉ်ကိုမရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသော သူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက်၊ အသက်ရှင်ခြင်း လမ်းကို ပြညွန်တော်မူလိမ့်မည်။  (တမန်တော် ၂:၂၇)

- ဒီကျမ်းချက်က ရှင်ပေတရုဟောကြားချက်ဖြစ်ပြီး ဆာလံကျမ်း ၁၆: ၁၀ မှာကောက်နုတ်ထားခြင်းဖြစ်ပါတယ်။ ဒီမှာ ပေတရု
ပြောချင်တာက ယေရူခရစ်တော် ငရဲကိုသွားခဲ့တယ်ဆို မဟုတ်ဘဲ ဒါဝိဒ်မင်းကြီးလို ကိုယ်ခန္ဓာ ယိုယွင်းပျက်စီးမှု မရှိဘဲ ပြန်လည်ထ
မြောက်ပြီးကြောင်းကို ဟောပြောခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ဆရာ စံတိုးက ယေရူခရစ်တော် ငရဲကျမယ်ဆိုတာ ဆာလံကျမ်းမှာကြိုတင် ဟောထားပြီကြောင်း ပြောခဲ့ပါတယ်။ ဆရာစံတိုးက
မူရင်းဖတ်ဖို့ အမြဲပြောဆိုလေ့ရှိပါတယ်။ ကောင်းပါတယ် ဒါပေမယ့် ဆရာဘယ်လောက်ထိ ဟေဗြဲ နဲ့ ဂရိလေ့လာလဲဆိုကတော့
သံသယဖြစ်မိပါတယ်။ ဒီကျမ်းမှာဖော်ပြတဲ့ မရဏာနိုင်ငံဆိုတာ
ဟေဗြဲကျမ်းမှာ She’ol( שְׁאוֹל)လို့ ရေးသာထားပြီး ဓမ္မသစ်မ
ပေါ်မှီ နှစ်ပေါင်းနှစ်ရာခန့် ဂရိလိုဘာသာပြန်ထားတဲ့ Septuagint ဓမ္မဟောင်းကျမ်းမှာ She’ol( שְׁאוֹל)
ကို ဂရိလို Hades(ᾅδης)လို့ ဘာသာပြန်ထားပါတယ်။ ခရစ်
တော်ခေတ်ကာလတုန်းမှာ ဂရိဘာပြန်ထားတဲ့ ဓမ္မဟောင်းကျမ်းသာ အသုံးပြုခဲ့ကြတာပါ။ ဒါကြောင့် မရဏာနိုင်ငံဆိုတာ လုံးဝ ငရဲ (ကန့်မီးအိုင်) ဆိုလိုခြင်း မဟုတ်ပါဘူး။

📕 ခရစ်တော်သည် ကိုယ်ခန္ဓွာအားဖြင့် အသေသတ်ခြင်းကိုခံ၍ ဝိညာဉ်တော် အားဖြင့် အသက်ရှင်ခြင်း သို့ ရောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင်ခြင်းငှါ၊ ဖြောင့်မတ်တော်မူသောသူသည် မဖြောင့်မတ်သောသူတို့ အတွက် ဒုစရိုက်အပြစ်များကြောင့် တခါခံတော် မူ၏။ 19 ကြွသွားတော်မူ၍ ယခု ထောင်ထဲမှာလှောင်ထားသော ဝိညာဉ်တို့အား တရားဟောတော်မူ၏။  (ရှင်ပေတရု(ပ) ၃:၁၈ -၁၉)

- ဒီကျမ်းချက်ကို ယေရူခရစ်တော် ငရဲသွားပြီး တရားသွားဟောတယ်လို ထင်မှတ်တတ်ကြပါတယ်။ တစ်ကယ်လို့ ငရဲသွားပြီး
ဟောတယ်ဆိုရင် ငရဲကျတဲ့သူတွေ ကယ်တင်ခြင်းခံစားဖို့ အခွင့်
ရှိသေးသလို ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် နောက်ဆုံးနေ့ရက်မှာ
ထာဝရငရဲ မီးအိုင်ကျမည့် ဘုရားကို ပုန်ကန်ခဲ့တဲ့ ကောင်းကင်
တမန်များကို ဟောကြားခြင်းသာ ဖြစ်ပါတယ်။ ဒီနေရာမှာ ခရစ်
တော် ဟောတဲ့တရားက သတင်းကောင်း(Gospel)မဟုတ်ဘဲ
သေခြင်းကိုအောင်တဲ့ ကြေငြာခြင်း တရားသာဖြစ်ပါတယ်။

- အဆုံးသတ်အနေဖြင့် ခရစ်တော် ငရဲမသွားဘူးဆိုတာကို အောက်ပါ ကျမ်းသုံးချက် ရှင်းလင်းစွာ ဖော်ပြပါတယ်။

📕 ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင်သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည် ဟုမိန့်တော်မူ၏။  (ရှင်လုကာ 23:43)

- ပရိဒိဘုံဆိုတာ ကောင်းကင်နိုင်ငံတော်(Heaven) နဲ့ မတူပေ
မယ့် ကောင်ကနိုင်ငံထဲပါဝင်ကြောင်း အခြားကျမ်းဖြစ်တဲ့ 1 cor
13:4, Revelation 2:7, 22:2 တို့မှာ ရှင်းလင်းစွာရေးသား
ထားပါတယ်။

📕ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟုမိန့်တော်မူလျက်၊
ခေါင်းတော်ကိုငိုက်စိုက်ညွှတ်၍ အသက်တော် ကိုစွန့်တော်မူ၏။  (Joh 19:30)

- ဒီကျမ်းမှာ ခရစ်တော်က သူအသေခံခြင်းက အပြစ်သားများ
ကယ်တင်ဖို့လုံလောက်ပြီဖြစ်ကြောင်းကို အမူပြီးလို့ ပြောဆိုတဲ့
အတွက် ငရဲသွားစရာ အကြောင်းမရှိပါဘူး။

📕  ယေရှုသည်လည်းကြီးသော အသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အကျွန်ုပ် စိတ်ဝိညာဉ်ကို ကိုယ်တော် လက်၌အကျွန်ုပ် အပ်ပါ၏ ဟု မိန့်တော်မူလျက်အသက်ချုပ်တော်မူ၏။  (Luk 23:46)

- ဒီကျမ်းစာမှာ ခရစ်တော်ကိုယ်တိုင် သူ့ဝိညာဉ်ကို ခမည်းတော်
ထံအပ်နှံတဲ့ အတွက် ဘယ်မှာမှသွားစရာ အကြောင်းမရှိပါဘူး။
ဒီလိုဘဲ တမန်တော်ဝတ္တု 7:59 သတေဖန်က သူ့ ဝိညာဉ်ကို
ဘုရားလက်တော်၌ အပ်နှံထားခဲ့ပါတယ်။

- ကျမ်းစာတစ်ခုလုံးမှာ ယေရူခရစ်တော် ငရဲသွားတယ်ဆိုတာ မသွန်သင်သလို အသင်းတော် သမိုင်းတွေအရ ရှေးယုံကြည်သူများ
လက်ခံယုံကြည်ခဲ့တဲ့ အရာလည်းမဖြစ်တဲ့အတွက် ယနေ့ယုံကြည်သူများကလည်း ငြင်းပယ်သင့်တဲ့ အယူဝါဒဖြစ်ကြောင်း တင်ပြ
လိုပါတယ်။ စာဖတ်သူအားလုံး သမ္မာတရားဖတ်မှာ ရပ်တည်နိုင်
ကြပါစေလို့ မေတ္တာပို့ ဆုတောင်းပေးပါတယ်...။

- မေတ္တာဖြင့်
- ရှိုင်းကိုကိုလင်း(SLT)

- Note and recommended Reading

- The Apostle' Creed: Discovering Authentic
  Christianity in an Age of Counterfeits by
  Albert Mohler
- Systematic Theology by Wayne A. grudem
- Systematic Theology by l. Berkhof
- New Dictionary of Theology by R.J
  Bauckam
- Reformation Study Bible editor by R.C
  Sproul
- Did Jesus go hell ? by Hqnk Hanegraaff
- ESV study Bible
- The Apologetic Study Bible

No comments:

Post a Comment