Wednesday, 4 December 2019

ပဋိညာဥ်သေတ္တာဘယ်မှာလဲ



#ပဋိညာဉ်သေတ္တာဘယ်မှာလဲ?
📖📖📖📖📖📖📖📖📖📖

ပဋိညာဉ်သေတ္တာ(Ark Of Covenant)၊ဟေဘရူးလို:אָרוֹן הָבְּרִית ဖြစ်တယ်။ဣသရေလလူမျိုးစဉ်ဆက်ရဲ့သန့်ရှင်းသောအရာပါ၊ပဋိညာဉ်ဆိုတာဣသရေလလူမျိုးနဲ့ဘုရားသခင်ကြားတည်ထားတဲ့ကတိသစ္စာပြောရပါ့မယ်။ထိုကြောင့်ပဋိညာဉ်သေတ္တာထဲမှာထားရှိတဲ့အရာက ဟေဗြဲဩဝါဒစာ ၉:၄ အရ" မန္နမုန့်ကို ထားသောရွှေအိုး၊ အပွင့်ပွင့်သော အာရုန်၏ လှံတံနဲ့  ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့ ထည့်ထားကြောင်းသိရပါသည်။

ဒီပို့စ်မှာအဓိကတင်ပြမှာက ပဋိညာဉ်သေတ္တာ ယနေ့ဘယ်မှာရှိပါသလဲဆိုတာပါ။
အဦးဆုံးသိရမှာကဗိမာန်တော်ကြီးပထမတစ်ခါသိမ်းပိုက်ခံရတုန်းက၊ဗာဗုလုန်ကိုသယ်ဆောင်သွားခံရတဲ့ပစ္စည်းထဲမှာပဋိညာဉ်သေတ္တာမပါဘူးဆိုတာပါ(၄ရာ ၂၅:၁၃-၁၈ ၊ ယေရမိအနာဂတ္တိကျမ်း ၅၂:၁၇-၂၃)။နောက်ပြီးပေရသိရှင်ဘုရင် ကုရုမင်း က နေဗုခနေဇာမင်းဗိမာန်တော်ကြီးထဲကလုယူထားတဲ့ရတနာတွေကိုဣသရေလလူမျိုးဆီပြန်အပ်ပေးပြီးဗိမာန်တော်အသစ်တည်ဆောက်တဲ့နေရာထားဖို့ပေးတဲ့အခါမှာလဲ ပဋိညာဉ်သေတ္တာ မပါရှိပါဘူး(ဧဇရမှတ်စာ ၁:၇-၁၁)၊တနည်းအားဖြင့်ပြောရရင်ဣသရေလလူတွေဒုတိယတခါတည်ဆောက်ခဲ့တဲ့ဗိမာန်တော်ကြီးထဲမှာလဲပဋိညာဉ်သေတ္တာမရှိဘူးဆိုတာပါ။

ဣသရေလလူမျိုးရဲ့ဗိမာန်တော်ပထမတခါဖျက်ဆီးခံရတဲ့အချိန်ကစပဋိညာဉ်သေတ္တာဟာအစအနရှာမတွေ့ဘဲပျောက်နေပါပြီ၊နောက်ပိုင်းပဋိညာဉ်သေတ္တာတော်ရှိရာနေရာကိုအမျိုးမျိုးပြောလာကြပါတယ်၊တချို့ကတော့ဗျာဒိတ်၁၁:၁၉အရဘုရားသခင်ယူဆောင်သွားပြီလို့ပြောပါတယ်၊ဒါပေမဲ့ဗျာဒိတ်ကျမ်းဟာနောင်ဖြစ်လာမဲ့အရာနဲ့ပုံဆောင်ခြင်းသာဖြစ်ကြောင်းကိုတော့သိထားရပါ့မယ်။တချို့ကျတော့ဘုရားသခင်ကလူတွေမမြင်အောင်တစ်နေရာမှာသိမ်းလိုက်ပြီဆိုပြီးပြောကြပါတယ်။ဒီအပြောအများကြီးထဲမှာမှယနေ့ခရစ်ယာန်လောကမှာရေပန်းစားနေတဲ့အပြော၄မျိုးကိုတင်ပြချင်ပါတယ်။

၁။အီသီယိုးပီးယား(Ethiopia)မှာရှိခြင်းအဆို
ဒီအဆိုကဒီလိုဆင်းသက်လာပါတယ်၊(၃ရာ ၁၀:၄-၅)အရရှေဘမိဖုရားဟာရှောလမုန်၏ ပညာအလုံးစုံကိုစမ်းပြီးနောက်ရှောလမုန်မင်းနဲ့သားလေးတဦးရပြီးရှေဘမိဖုရားဟာသူ့သားနဲ့တကွပဋိညာဉ်သေတ္တာကိုလည်းအီသီယိုးပီးယားကိုယူပြန်သွားတယ်လို့ပြောကြပါတယ်။ပဋိညာဉ်သေတ္တာအတုတခုလုပ်ပြီးထားခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်ယနေ့ထိပဋိညာဉ်သေတ္တာဟာအီသီယိုးပီးယားရဲ့ စိန်မေရီဘုရားကျောင်းမှာရှိတယ်လို့ဆိုကြပါတယ်။ဒီအဆိုကအများလက်ခံဖို့ခက်ခဲပါတယ်၊ဘာကြောင့်လဲဆိုတော့သမ္မာကျမ်းစာဖတ်ကြည့်ရင်ပဋိညာဉ်သေတ္တာဆိုတာယဇ်ပရောဟိတ်ကြီးတောင်တစ်နှစ်မှတခါအပြစ်ဖြေရာနေ့မှာတွေ့ခွင့်ရတာမျိုးပါ။နောက်ပြီးပဋိညာဉ်သေတ္တာဆိုတာယဇ်ပရောဟိတ်မှကိုင်ခွင့်ရတာပါ၊အခြားလူကိုင်မိရင်သေတတ်တဲ့အထိပါ(၂ရာ၆:၃-၇)။ဒါကြောင့်ပဋိညာဉ်သေတ္တာဟာအီသီယိုးပီးယား(Ethiopia)မှာရှိခြင်းအဆိုကိုစာရေးသူအနေနဲ့လက်ခံဖို့ခက်ခဲပါတယ်။

၂။ဗိမာန်တော်မြေအောက်ခန်းမှာရှိခြင်းအဆို
ဘာသာရေးအလွန်ကိုင်းရှိုင်းကြတဲ့ဂျူးလူမျိုးတွေကပဋိညာဉ်သေတ္တာဟာဗိမာန်တော်မြေအောက်ခန်းမှာရှိနေတယ်လို့ယုံကြည်နေကြစဲပါ။သူတို့ရဲ့ခံယူချက်က (ရာဇဝင်ချုပ် ဒုတိယစောင်၃၅:၃)အရယုဒပြည်ဟာဗာဗုလုန်လက်ထဲမကျဆုံးခင်မှာယောရှိမင်းဟာယဇ်ပရောဟိတ်တွေကိဒီလိုအမိန့်တခုပေးခဲ့ပါသတဲ့" ပဋိညာဉ်သေတ္တာကိုရှောလမုန်တည်ဆောက်ထားတဲ့မြေအောက်ခန်းထဲသိုထားပါ" ပေါ့။(Put the holy ark in the house which Solomon the son of David king of Israel did build)။ 

၃။ဂေါလဂေါသတောင်မြေအောက်မှာရှိခြင်းအဆို
၁၉၈၈ခုနှစ်ကကျမ်းစာသုတေသနပညာရှင် Ron Wyatt ဟာ သူကိုယ်တိုင်၁၉၈၂တုန်းကဂျေရုစလင်မြို့ ပြင်ကသခင်ယေရှုကိုလက်ဝါးကားတိုင်တင်သတ်ခဲ့တဲ့ ဂေါလဂေါသတောင်တွေ့ပြီးတူးဖော်တဲ့အခါ၊ကားတိုင်မြေအောက်အနက် 20ft လောက်မှာပဋိညာဉ်သေတ္တာကိုတွေ့ရှိခဲ့ကြောင်းပြောပါတယ်။သူ့အနေနဲ့ပြောတာကပထမအကြိမ်ဗိမာန်တော်မဖျက်ဆီးခင်မှာဘုရားသခင်ကပရောဖက်ယေရမိကိုအဲဒီတောင်အောက်မှာသိမ်းခဲ့ဖို့ပြောခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ Ron Wyatt ရဲ့အဆိုဟာယနေ့ထိခိုင်လုံသောသက်သေအထောက်ထားမချပြနိုင်သေးတာတော့စိတ်မကောင်းပါဘူးလို့အချို့ပညာရှင်တွေသုံးသပ်ထားကြပါတယ်။

၄။ပျက်ဆီးသွားခြင်းအဆို
ဒီအဆိုကတော့ဗာဗုလုန်ကဂျေရုစလင်ကိုသိမ်းပိုက်တဲ့အခါပဋိညာဉ်သေတ္တာလဲပျက်ဆီးသွားခဲ့တယ်လို့ပြောခြင်းဖြစ်ပါတယ်။ဒါပေမဲ့ A.D 1 ခုနှစ်ကာလက ဂျူးသမိုင်းပညာရှင်Josephus ကတော့ ရောမလူမျိုးတွေဗိမာန်တော်ကိုဖျက်ဆီးတုန်းကပဋိညာဉ်သေတ္တာပါတခါတည်းပျက်ဆီးသွားတယ်လို့အဆိုပြုထားခဲ့ပြန်ပါတယ်။

#ယနေ့ပဋိညာဉ်သေတ္တာဘယ်မှာရှိပါသလဲ?
နိဂုံးချုပ်အနေနဲ့ပြောရရင်နေရာအတိကျယနေ့ထိမသိရှိရသေးပါဘူး။ပဋိညာဉ်သေတ္တာဆိုတာဘုရားသခင်အတူပါရှိကြောင်းကိုပုံဆောင်တဲ့အတွက်၊ယနေ့ယုံကြည်သူခရစ်ယာန်များအနေနှင့်ပဋိညာဉ်သေတ္တာတည်နေရာကိုစိတ်ဝင်စားတာထက်ဧမာနွေလ(ငါတို့နှင့်အတူရှိသောဘုရား)ကိုပိုစိတ်ဝင်စားသင့်ကြောင်းတိုက်တွန်းခွန်အားပေးတင်ပြလိုက်ရပါသည်။ဖတ်ရှုသူအားလုံးဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။

Ye Ming(ပတ္တမြားမြေ)
www.facebook.com/yeming0

ကိုးကား

https://en.wikipedia.org/wiki/Ark_of_the_Covenant

No comments:

Post a Comment