Tuesday, 3 December 2019

ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းကာလ

🌐🌐🌐🌐🌐🌐🌐
Unicode (ယူနီကုဒ်)

🇦🇷🇦🇷🇦🇷🇦🇷🇦🇷🇦🇷🇦🇷
📕ဓမ္မဟောင်းနှင့်ဓမ္မသစ်ကြားကာလ📕

🕎ယုဒ ရာဇဝင် နှင့် သခင်ယေရှုမွေးဖွားခြင်း🕎

   ဘုရားသခင်သည် ပရောဖက်မာလခိဖြင့်နောက်ဆုံးစကားပြောပြီးနောက်၊ နှစ်ပေါင်း ၄၀၀ ခန့်အဆက်အသွယ်ပြတ်တောက်ငြိမ်သက်ခဲ့သည်။ ထိုသို့တိတ်ဆိတ်ငြိမ်သက်ခြင်းမှာစိတ်ဝင်စားဖွယ်ရာအတိဖြစ်သည်။  ပရောဖက်မာလခိကျမ်းသည် ဘီစီ ၃၉၇ တွင်စီရင်ပြီးဆုံးခဲ့သည်ဟုဆိုလျှင် ကောင်းကင်တမန်များ ဗတ္တိဇံယောဟန်‌မွေးဖွားမည့်အကြောင်း ဟောပြောသည့်ကြားကာလမည်သို့ရှိမည်နည်း (လု ၁း၁၁-၁၇)။ ဘုရားသခင်သည် သူ၏မဟာကယ်တင်ခြင်းစီမံကိန်းကို တပါးအမျိုးသားများဖြင့် စာပေ၊ လမ်းပန်းဆက်သွယ်ရေးစသည့်နေရာများ၌ အသုံးပြုခဲ့ခြင်းဖြစ်သည်။

   ထိုကြားခေတ်ကာလကို ၆ ပိုင်းခွဲခြားပြီးလေ့လာနိုင်သည်။
၁။ ပါရှန်ခေတ်၊ ဘီစီ ၅၃၆ နောက်ပိုင်း (အဓိကလိုအပ်ချက်မှာ ဘီစီ ၃၉၇ မှ ၃၃၆ ထိ)

၂။ ဂရိခေတ် (ဘီစီ ၃၃၆-၃၂၃)

၃။ အဲဂုတ္တုခေတ် (ဘီစီ ၃၂၃-၁၉၈)

၄။ ဆီးရီးယားခေတ် (ဘီစီ၁၉၈-၁၆၅)

၅။ မက္ကာဘီခေတ် (ဘီစီ ၁၆၅-၆၃)

၆။ ရောမခေတ် (ဘီစီ ၆၃-၄)
   ဤခေတ်ကာလ ၆ ပိုင်းကို သမိုင်းရှုထောင့်နှင့် ဘာသာရေးရှုထောင့် နှစ်ခုဖြင့် လေ့လာဆင်ခြင်နိုင်သည်။

🔴 ပါရှန်ခေတ် (ဘီစီ ၃၉၇-၃၃၆)
သမိုင်းကြောင်း
   ဘီစီ၅၃၆အလွန်နှစ်များတွင် ပါရှန်များသည် အရှေ့အလယ်ပိုင်းဒေသ၌ ထီးထီးမားမားဘုန်းတန်ခိုးကြီးထွားခဲ့ကြသည်။ ဣသရေလလူမျိုးအား ဗာဗုလုန်ကျွန်ဘဝမှလွှတ်မြောက်စေဖို့ ဘုရားသခင်သည် ပါရှန်များကို အသုံးပြုခဲ့သည် (ဒံ ၅း၃၀-၃၁)။
   ဗာဗုလုန်သို့ဖမ်းဆီးခံခဲ့ရခြင်းသည် သူ့လူများ ရုပ်တု၊ဆင်းတုကို ကိုးကွယ်ခြင်းကြောင့်ဘုရားသခင်က ဆုံးမခြင်းဖြစ်သည်။ ဘဝသစ်၊ ခံယူချက်အသစ်၊ အထူးသဖြင့် မောရှေ၏ပညတ်တရားသစ်ဖြင့် ပြည်တော်သို့ပြန်ဝင်စေသည်။ ဘာသာရေးအယူအဆအမျိုးမျိုးထဲမှ သေချာသောဘာသာတရားကိုတွေ့မိကြသည်။ ထိုနှစ်ချက်က ကြား ကာလတစ်ခုလုံးကို ဩဇာလွှမ်းမိုးသွားသည်။
   တရားဇရပ်ကို ဒေသန္တရအချက်အချာနေရာအဖြစ် ဗဟိုပြု၍ဝတ်ပြုကိုးကွယ်စေသည့်အစဉ်အလာသည် ထိုခေတ်ကာလတွင်ပေါ်ထွန်းလာသည်။ ကျမ်းတတ်ပုဂ္ဂိုလ်များသည် နှုတ်ကပတ်တော်ကိုဖွင့်ပြသူများဖြစ်သောကြောင့် တရားဇရပ်တွင် အထူးအရေးပါအရာရောက်သူများအဖြစ်နေရာရလာကြသည်။ သခင်ယေရှုမွေးဖွားပြီးနောက်ပိုင်းတိုင်အောင် တရားဇရပ်သည် ယုဒလူမျိုးများ၏ ဗဟိုအစည်းအရုံးနေရာ၊ ယုဒကမ္ဘာဖြစ်လာသည်။
   ဓမ္မသစ်တရားထွန်းကားပျံ့နှံ့သောအခါမှသာ ပါရှန်တို့၏အရှိန်အဝါမှေးမှိန်တိမ်ကောပျောက်ကွယ်သွားသည်။ ဗိမာန်တော် Temple သည် ယုဒဘာသာတရားနှင့်အပြိုင် ရှမာရိလူမျိုးများအကြား၌ပေါ်ထွန်းခဲ့သည့် ဘာသာရေးပုံသဏ္ဍာန်ဖြစ်သည်။ ယုဒနှင့်ရှမာရိတို့အကြား ကွဲပြားခြားနားသော ဘာသာရေး အသွင် သဏ္ဍာန်များဖြစ်သည်။

🔴 ဂရိခေတ် (ဘီစီ ၃၃၆-၃၂၃)
   ဤတိုတောင်းသောကာလသည် ဂရိဘုရင်မဟာအလက်ဇန္ဒြားက လောကတစ်ပြင်လုံးစစ်ပွဲအောင်နိုင်၍ အကြီးကျယ်ဆုံးလူသားအဖြစ် နေမင်းပမာစိုးမိုးမင်းပြုချိန်ဖြစ်သည်။
   ပါရှား၊ ဗာဗုလုန်၊ ပါလက်စတိုင်း၊ ဆီးရီးယား၊ အဲဂုတ္တု(အီဂျစ်) နှင့် အိန္ဒိယအနောက်ပိုင်းဒေသများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အသက် ၃၃ နှစ်အရွယ်၌ကွယ်လွန်သော်လည်း ဂရိပြည်အား ၁၃ နှစ်တိုင်တိုင် အုပ်စိုးခဲ့သည်။ သူ့နောက်တွင်လည်း အရှိန်ဩဇာကျန်ရှိနေသည်။
   မဟာအလက်ဇန္ဒြားမင်းကြီး၏ မဟာရည်မှန်းချက်မှာ သူ့လက်ထက်တွင် ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ယုံကြည်ရာဘာသာ၊ စာပေစကားနှင့် ယဉ်ကျေးမှုတစ်ခုတည်းဖြစ်စေရေးဖြစ်သည်။ အောက်ခံသို့ကျရောက်သည့်တိုင်းနိုင်ငံတိုင်းဂရိဘာသာစကားကို သင်ယူပြောဆိုရသည်။ သို့နှင့် ဂရိယဉ်ကျေးမှု၊ ဂရိဘာသာရေး၊ အတွေးအခေါ်အယူအဆများ ကမ္ဘာအနှံ့သို့ ပျံ့နှံ့လာသည်။ထို တွေးအခေါ်အတတ်ပညာနှင့်မိမိတို့ရှိရင်းစွဲယဉ်ကျေးမှုများကိုပေါင်းဖက်ရောစပ်သုံးစွဲသူများကို Hellenization ဟုခေါ်ဝေါ်ကြသည်။ ရောမအစိုးရလက်ထက်၊ ဓမ္မသစ်ကျမ်းကာလရောက်လာသောအခါ လူသိထင်ရှားကျော်ကြားလာသည်။
 ထိုသို့အတွေးအခေါ်အယူအဆတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ယုဒ၌ Hellenism တို့၏ဘာသာရေးနှင့်ယဉ်ကျေးမှုထိုးဖောက်ဝင်ရောက်လာသည်။ ဂရိဘာသာစကားသည် ဘီစီ ၂၇၀ ကျမှသာကျယ်ကျယ်ပြန့်ပြန့်ထွန်းကားလာသော်လည်း ရုပ်တုဆင်းတုကိုးကွယ်ခြင်းကို တွန်းလှန်ခုခံရန် ဓမ္မဟောင်း the Septuagint ကို ယုဒယုံကြည်သူများက ဘာသာပြန်ဆိုနှင့် ပြီးဖြစ်သည်။

🔴 အဲဂုတ္တုခေတ် (ဘီစီ ၃၂၃- ၁၉၈)
သမိုင်းကြောင်း
   ဘီစီ ၃၂၃ ခုနှစ်တွင် မဟာအလက်ဇန္ဒြားဘုရင်ကွယ်လွန်သွားသောအခါ ဂရိအင်ပါယာကြီးအား Ptolemy , Lysimachus ,Cassandre နှင့် Selenus ဟူသောစစ်ဗိုလ်ချုပ်ကြီး ၄ ဦးကလေးပိုင်းခွဲခြား၍ မျှဝေယူကြသည်။ ပရောဖက်ဒံယေလက (ဒံ ၈း၂၁-၂၂) တွင်ဖော်ပြသော " ဦးချိုကြီး " ကျိုးပဲ့သောနေရာ၌ ချိုငယ်လေးချောင်းပေါက်လာခြင်းဟူသည့် ကျမ်းစကား၏ပြည့်စုံခြင်းဖြစ်သည်။
   Ptolemy Soter သည် ပထမဆုံးPtolemy မင်းဆက်ဖြစ်၍ နောင်အခါတွင် ဣသရေလနှင့်ပေါင်းဖက်သည့် အဲဂုတ္တုပြည့်ရှင်မင်းဖြစ်သည်။ ပထမအစပိုင်းတွင်ယုဒလူမျိုးများကိုကြပ်တည်းစွာအုပ်ချုပ်သော်လည်းတန်ခိုးဩဇာနေဝင်ခါနီး Ptolemy Philadelphus မင်းလက်ထက်သို့ရောက်သောအခါတွင်မူ ယုဒတို့ကို မျက်နှာသာပေးလာသည်။ ထိုခေတ်ကာလတွင် the Septuagint ကို ရေးသားဖြစ်ကြသည်။
   Ptolemaic မင်းဆက်ကုန်ဆုံးခါနီး အဲဂုတ္တုနှင့် ဆီးရီးယားတို့ပဋိပက္ခဖြစ်သည့်အချိန်ထိ ယုဒများသည် နေသာထိုင်သာအဆင်ပြေခဲ့ကြသည်။ ဘီစီ ၁၉၈ခုနှစ်တွင် Panion စစ်ပွဲ၌ ဆီးရီးယားတို့က အဲဂုတ္တုပြည်အားတိုက်ခိုက်သိမ်းပိုက်သည့်အခါ ဣသရေလတို့သည်လည်း ကန့်လန့်ကန်လန့်ဖြင့် ပါသွားကြရသည်။ ယုဒပြည်တစ်ပြည်လုံး ဆီးရီးယားလက်အောက်ခံ ဖြစ်သွားသည်။

🔴 ဆီးရီးယားခေတ် (ဘီစီ ၁၉၈ -၁၆၅)
သမိုင်းကြောင်း
   The Great Antiochus မင်းနှင့် Scleucus Philopater မင်းလက်ထက်တွင် ယုဒများကြပ်တည်းစွာ အုပ်စိုးခြင်းခံရသော်လည်း ယဇ်ပုရောဟိတ်များ၏ဒေသန္တရအုပ်ချုပ်မှုအောက်တွင် အသက်ရှုခွင့်ရကြသည်။ Orthodox Jew တို့နှစ်သက်မြှောက်စားသောယဇ်ပုရောဟိတ်ကြီး Onias III နေရာ၌ Hellenizing အဖွဲ့က Jason ကိုအစားထိုးခန့်ကြသည်။ ထိုနိုင်ငံရေးအရှုပ်အထွေးသည်နောက်ဆုံးတွင် ‌ယေရုရှလင်ရှိ Antiochus ထံသို့ရောက်လာသည်။
   ဘီစီ ၁၆၈ ခုနှစ်တွင် Antiochus သည်ယုဒမျာ၏ ထူးထူးခြားခြားယုံကြည်ခြင်းများကို အကုန်လုံးဖျက်ဆီးပစ်သည်။ ပူဇော်သက္ကာပြုခြင်း၊ အရေဖျားလှီးခြင်း၊ ဥပုသ်နေ့တွင်ပွဲတော်ကျင်းပခြင်းများကို တားမြစ်သည်။ ကျမ်းစာလာအချက်များအား မှောက်လှန်ဖျက်ဆီးပစ်သည်။ ယုဒများအား အတင်းအကြပ် ဝက်သားစားစေသည်။ ရုပ်တုများကိုကိုးကွယ်ခိုင်းသည်။ အဆိုးရွားဆုံးနှင့် နောက်ဆုံးသောင်းကျန်းမှုမှာ အသန့်ရှင်းဆုံးဌာနတော်ရှိယဇ်ပလ္လင်အား လုံးဝဥဿုံဖျက်သိမ်း၍ Zeus နတ်ဘုရားကိုပူဇော်ရန် ယဇ်ပလ္လင်တည်ခြင်းဖြစ်သည်။ ထိုညှင်းပန်းနှိပ်စက်မှုတွင် ယုဒလူပေါင်းများစွာ သေကြေပျက်စီးကြရသည်။ ထို့ကြောင့် ရှေ့ဖြစ်ဟန်ထက်ပိုမိုဆိုးရွားသည်ဟုဆိုသည့်အတိုင်း ဘုရားသခင်၏လူ ယုဒလူမျိုးများခံစားခဲ့ရသည်။ သို့သော်ရောက်လာမည့် စစ်မှန်သောကယ်တင်ရှင်အတွက် လမ်းစလှေကားထစ်ဖြစ်သည်။
   ဤခေတ်ကာလတွင် အရှိန်အဟုန်ဖြင့်နိုင်ငံရေးပြောင်းလဲမှုကြောင့် ယုဒဘာသာရေးလည်း ထက်ခြမ်းကွဲခဲ့သည်။ Hellenism ဟူ၍ခွဲထွက်လာသည်။ ကျမ်းတတ်ပုဂ္ဂိုလ်များဦးဆောင်သော Orthodox ဝါဒီများဖြစ်၍ နောင်တွင် ဖာရိရှဲများဟုထင်ရှားလာသော အဖွဲ့နှင့် ယဇ်ပုရောဟိတ်ကြီးများဦးဆောင်သော ယုဒများဟူ၍ ကွဲပြားလာကြသည်။ ထိုအတွေးအခေါ်အပေါ်အခြေတည်၍ နောင်ကာလတွင် ဇဒ္ဒုကဲ များဖြစ်လာသည်။

🔴 မက္ကာဘီခေတ် (ဘီစီ ၁၆၅-၆၃)
သမိုင်းကြောင်း
   Matthias အမည်ရှိသော ယဇ်ပုရောဟိတ်ကြီးသည် ယေရုရှလင်အနောက်မြောက်ရှိ Modern ရွာ၌သား ၅ ယောက်နှင့်အတူ Jasmin အိမ်တော်တွင်နေထိုင်သည်။ ဆီးရီးယား အရာရှိမင်းများက ယဇ်ပူဇော်ခြင်းကိုအတင်းအဓမ္မတားမြစ်လာသည့်အခါ ပုရောဟိတ်ကြီး Matthias သည်ဖောက်ပြန်သော ယုဒအလိုတော်ရိများနှင့် ဆီးရီးယားအရာရှိမင်းများကို ပုန်ကန်သတ်ဖြတ်ပြီး မိသားစုနှင့်အတူ တောင်ပေါ်ဒေသသို့ထွက်ပြေးတိမ်းရှောင်သည်။ သစ္စာရှိသောယုဒထောင်ပေါင်းများစွာက ရောဟိတ်နောက်သို့လိုက်ပါသွားရောက်ပူးပေါင်းကြသည်။
   Matthias ကွယ်လွန်သောအခါ သား ၃ ဦးကဆက်လက်ဦးဆောင်ပုန်ကန်၍ နောက်ဆုံး၌အောင်မြင်ခဲ့ကြသည်။ Judas Maccabeus (ဘီစီ ၁၆၆-၁၆၀)၊ ယောနသန် (ဘီစီ ၁၆၀-၁၄၂) ၊ ရှိမုန် (ဘီစီ ၁၄၃-၁၃၄) တို့စိုးစံကြသည်။ ထိုသုံးယောက်သည် ဘီစီ ၁၆၅ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ယေရုရှလင်ဗိမာန်တော်ကိုသိမ်းပိုက်၍သန့်ရှင်းစင်ကြယ်စေပြီး ပြန်လည်ဝတ်ပြုကိုးကွယ်ကြသည်။ ထိုအကြောင်းကိုအစွဲပြု၍ ယနေ့ထက်တိုင်အောင် Hanukkah ပွဲတော်ကျင်းပလေ့ရှိသည်။
   ယုဒပြည်အနံ့အပြားတွင်တိုက်ပွဲဆက်လက်ဖြစ်ပွားသည်။ ဆီးရီးယားတို့က Maccabean တို့ကိုအနိုင်ရဖို့လုံးပမ်းကြသည်။ နောက်ဆုံးတွင် ရှိမုန်၏ဦးဆောင်မှုဖြင့် ယုဒများသည် ဘီစီ ၁၄၂တွင် လွှတ်လပ်ရေးအတိအလင်းရရှိသွားကြသည်။ နှစ်ပေါင်း ၇၀ မျှ Hasmonaean မင်းဆက်ဖြစ်သော John Hyrcanus (ဘီစီ ၁၃၄-၁၀၄) နှင့် Alexander Jannaeus (ဘီစီ ၁၀၂-၇၆) လက်ထက်အထိ လွတ်လပ်သောနိုင်ငံအဖြစ် တည်ရှိခဲ့ကြသည်။

🔴 ရောမခေတ် (ဘီစီ ၆၃- ၄)
   ဘီစီ ၆၅ ခုနှစ်တွင် ရောမကဆီးရီးယားကိုသိမ်းပိုက်သောအခါ ယုဒတို့လွတ်လပ်ရေးလည်းဆုံးရှုံးသွားသည်။ Aristobulus II သည် ဣသရေလဘုရင်အဖြစ်ကျေငြာ၍၊ ရောမစစ်သူကြီး Pompey ၏တပ်ကို ယေရုရှလင်မြို့ထဲသို့အဝင်မခံဘဲ ပိတ်ဆို့ခုခံသည်။ Pompey အကြီးအကျယ်ဒေါသူပုန်ထ၍ ယေရုရှလင်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ကာ ယုဒတို့၏ယခင်အခွင့်အရေးအားလုံးကို ရုပ်သိမ်းချုပ်ကိုင်လိုက်သည်။ 
   ဘီစီ ၄၇ ခုနှစ်၌ ဂျူးလီးယပ်ဆီဇာ (ကဲသာ) က ဧဒုံနယ်စော်ဘွား Antipater အားယုဒပြည်၏ဘုရင်ခံခန့်အပ်သည်။ ဘီစီ ၄၀ ခန့်တွင် Antipater ၏သား Herod ဟေရုဒ်က ဖခင်အရိုက်အရာကို ဆက်ခံသည်။
   Herod the Great အမည်ရှိသော ထိုဟေရုဒ်မင်းလက်ထက်၌ယေရုရှလင်ဗိမာန်တော်သစ် ဆောက်ရန်ပြည်သူများအားအခွန်အတုပ်တိုးမြှင့်စည်းကြပ်ခဲ့သည်။ သူသည် Hellenist ဝါဒီဖြစ်သဖြင့် Hasmonaean မျိုးဆက်ကိုမုန်းတီးသူဖြစ်သည့်အတိုင်း ထိုမျိုးဆက်ကို တမျိုးလုံးအမြစ်မကျန်သုတ်သင်ဖို့လုပ်ဆောင်သည်။ ဇနီးမယား Marianne မှာ John Hyrcanus ၏မြေးတော်စပ်သဖြင့် ကွက်မျက်ပစ်သည်။ Marianne နှင့်ရသော သားနှစ်ယောက် Aristobulus နှင့် Alexander ကိုလည်း အလွတ်မပေးလုပ်ကြံသတ်ဖြတ်ရန်စီစဉ်သည်။
   ထိုမင်းဆိုးမင်းညစ်သောင်းကျန်းနေချိန်တွင် ဗက်လင်မြို့၌ သခင်ယေရှု ဖွားမြင်ချိန်ဖြစ်သည်။ 

🔴နိဂုံး🔴

   ရှင်မဿဲခရစ်ဝင်ကျမ်းသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်း၏ ပေါင်းကူးတံတားကြီးဖြစ်သည်။ သမိုင်း လေ့လာလိုသူများအတွက်📕 ယုံကြည်သူ သမ္မာကျမ်းအနက်ဖွင့်📕 မှ အကျဉ်းမျှ ပြန်လည်၍ ဝေမျှခြင်းဖြစ်ပါသည်။

new Ardam apple (နောင်ချို)


No comments:

Post a Comment